Revamp : 16’96 Concepts Workspace (Burmese Version)

 
click here to read english version
Yangon_Furniture_Store_16'96 Concepts_Office_Workspace1
 

An Intimate Interview with Kimiko, CEO of 16’96 Concepts, by Kay

 

ရုံးခန်းပြင်ဆင်ရမယ်ဆိုတဲ့အခါ (ဘယ်လိုဒီဇိုင်းမျိုး ဘယ်လိုပတ်ဝန်းကျင်မျိုးလုပ်မယ်လို့) ဘယ်လိုစပြီးစဉ်းစားဖြစ်လဲ။

အလင်းရောင်များများဝင်ပြီး ပွင့်လင်းကျယ်ပြန့်တဲ့ နေရာမျိုး၊ လာလည်ဖို့ဖိတ်ခေါ်နေတဲ့နေရာမျိုး၊ အပြုသဘောဆောင်တဲ့ ခံစားချက်မျိုးကိုပေးတဲ့နေရာမျိုး။ ဆယ့်ခြောက်ကိုးဆယ်ခြောက်ရုံးခန်းကို ပြင်ဆင်ရမယ်ဆိုမျိုးစစဉ်းစားကတည်းက ဒီနေရာကို ရိုးရှင်းပေမဲ့ အဓိပ္ပါယ်ရှိတဲ့ ဒီဇိုင်းမျိုးကိုလုပ်ချင်ခဲ့တာပါ။

ဆယ့်ခြောက်ကိုးဆယ့်ခြောက်မှာက ဧည့်သည်တွေနဲ့စီးပွားရေးအကျိုးတူပူးပေါင်းတူတွေလာရောက်လည်ပတ်တာကနေ ပရိဘောဂအသစ်တွေထုတ်လုပ်ဖို့ အကြီးအကျယ်ဆွေးနွေးတာအထိ လုပ်ငန်းဆောင်တာမျိုးတွေရှိတဲ့အတွက် ဒီရုံးခန်းနေရာဟာ လုပ်ငန်းသဘောဆန်ရမဲ့အပြင်ကို နွေးထွေးတဲ့ခံစားချက်မျိုးကိုလဲပေးဖို့လိုအပ်ပါတယ်။ ဆယ့်ခြောက်ကိုးဆယ့်ခြောက်ရဲ့ ခံယူချက်က ပရိဘောဂဆိုတာ ရိုးရိုးရှင်းရှင်းလေးနဲ့လဲ လှပြီးအသုံးတည့်အောင်လုပ်လို့ရတယ်ဆိုတာဖြစ်တဲ့အတွက် ကုမ္ပဏီရုံးခန်းကိုလဲ ဒီခံယူချက်ကို ဖော်ပြနေတာမျိုးဖြစ်စေချင်တယ်။

အလုပ်ဆိုတာဘယ်လိုအဓိပ္ပါယ်ဆောင်ပြီး နေ့စဉ်ဘဝကို ဘယ်လောက်ထိရောက်မှုရှိလဲလို့ထင်ပါသလဲ။

အလုပ်ဆိုတာ နေ့စဉ်အချိန်တွေကို အမြန်ဆုံးကုန်ဆုံးစေနိုင်ပြီး စိတ်ဖိစီးစရာ ပျော်စရာတွေရောနှောနေပြီး နေ့စဉ်ဘဝကို အဓိပ္ပါယ်ရှိသေပါတယ်။ ကျွန်မအတွက်သာမက ဆယ့်ခြောက်ကိုးဆယ့်ခြောက်တစ်ဖွဲ့လုံးအတွက် အလွန်အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့အတွက် ကျွန်မတို့ နေ့စဉ်ထိတွေ့နေမဲ့ ဒီနေရာလေးကို ကောင်းမွန်တဲ့ ခံစားချက်များကို သိစိတ်မှာကော မသိစိတ်မှာပါ ပေးစွမ်းနိုင်တဲ့နေရာမျိုး လုပ်ပေးချင်ပါတယ်။ ကော်ဖီကောင်းကောင်းကို အရသာခံသောက်ရင်း အလုပ်လုပ်တာကစလို့ printer ကို ထိုင်ရာကမထပဲချောချောရှုရှုထုတ်နိုင်တာ အလုံပိတ်အခန်းထဲမှာအလုပ်လုပ်နေပေမဲ့ အပြင်ရောက်နေတဲ့ခံစားချက်မျိုးလဲရအောင် သစ်ပင်လေးတွေထားတာတွေအားလုံးဟာ သေးမွှားတဲ့အချက်တွေဖြစ်ပေမဲ့ ရေရှည်မှာ ကြီးမားတဲ့အကျိုးပြုနိုင်မဲ့အချက်တွေပါ။

IMG_3563.jpg
 
မြန်မာလုပ်ငန်းရှင်တွေကြားမှာတော့ ငွေးကြေးဘတ်ဂျက်က အဓိကစဉ်းစားစရာဖြစ်နေကြတယ်လို့ထင်ပါတယ်။ ကိုယ့်စိတ်ကြိုက်ရုံးခန်းဖန်တီးချင်ကြပေမဲ့ ဘတ်ဂျက်အရအဆင်မပြေတာမျိုးတွေတွေ့ရတတ်ပါတယ်။ ဒါပေမဲ့ လုပ်ငန်းခွင်မှာ ပျော်ရွှင်တဲ့ဝန်ထမ်းတွေရှိရင် ဝယ်ယူသူတွေကို ကောင်းကောင်းဝန်ဆောင်မှုပေးနိုင်ပြီး ဒါဟာတဖန်ကိုယ့်လုပ်ငန်းတိုးတက်ဖွံ့ ဖြိုးမှုကို ရေရှည်မှာ များစွာအကျိုးပြုပါလိမ့်မယ်။
— Kimiko
 

ဘယ်လိုနေရာမျိုးဟာ အလုပ်လုပ်ရကောင်းစေတယ်လို့ထင်လဲ။

ဒီမေးခွန်းအတွက်အဖြေကတော့ လူတစ်ယောက်နဲ့တစ်ယောက်တူမှာမဟုတ်ပါဘူး။ ကျွန်မအတွက်ကတော့ အလုပ်ရုံ၊ ရုံးခန်း၊ ကုန်ကြမ်းတွေဝယ်ခြမ်းတာအတွက် နေရာအစုံသွားနေရတဲ့အတွက် ရုံးခန်းမှာ တစ်နေကုန်ထိုင်ပြီး အလုပ်လုပ်မနေရပါဘူး။ အဲ့လိုဆိုရင်လဲ ကျွန်မအနေနဲ့ သည်းခံနိုင်မှာမဟုတ်ပါဘူး။ အဲ့တာကြောင့် ရုံးခန်းကို အလုပ်နေရာကြီးပဲမလုပ်ထားပဲ ဧည့်ခန်းလိုမျိုး အေးဆေးနားနားနေနေ ဦးနှောက်ရှင်းရင်း အလုပ်လုပ်လို့ရမဲ့နေရာလေး၊ ဝယ်သူတွေလာတဲ့အခါ ဆယ့်ခြောက်ကိုးဆယ်ခြောက်ရဲ့ ပရိဘောဂတွေကို သေချာကြည့်ရှုခံစားနိုင်မဲ့ နေရာကိုလဲထည့်သွင်းဖန်တီးထားပါတယ်။

အလုပ်လုပ်နေတဲ့သူတွေအနေနဲ့ မွန်းကြပ်နေတာမျိုးမဖြစ်အောင် ရုံးခန်းနေရာက ကျယ်ဝန်းပြီး လေဝင်လေထွက်ကောင်းဖို့လိုအပ်ပါတယ်။ ဥပမာပြောရရင် ကျွန်မတို့ မီးဖိုချောင်/ထမင်းစားခန်းက ရုံးခန်းနေရာနဲ့ မှန်တံခါးသာ ခြားထားတဲ့အတွက် ကာစီးထားတဲ့ခံစားချက်မျိုးရမှာမဟုတ်ပါဘူး။ အခန်းမကန့်ပဲ Hall type ရုံးခန်းစတိုင်ပဲလုပ်မယ်ရည်ရွယ်ပေမဲ့လည်း အလုပ်စားပွဲနေရာ၊ ဧည့်သည်ဧည့်ခံတဲ့နေရာတွေကို အနည်းငယ်တော့ စည်းလေးထားပေးချင်တဲ့အတွက် ဟိုဖက်ဒီဖက်ဖောက်မြင်နေရတဲ့ နာနတ်စင်တို့ ဒူးရင်းစင်တို့ကို တတန်းထဲစီထားပြီး အကန့်လိုမျိုးလေးလုပ်ထားလိုက်ပါတယ်။

နေရာတစ်ခုကိုဖန်တီးပြုပြင်တဲ့အခါ ပရိဘောဂရဲ့အခန်းဂဏ္ဍကဘယ်လောက်ထိအရေးပါတယ်လို့ထင်ပါသလဲ။

ဆယ့်ခြောက်ကိုးဆယ့်ခြောက်ရဲ့ အဓိကခံယူချက်က အသုံးဝင်မှုတစ်ခုထက်ပိုတဲ့ ပရိဘောဂတွေကို ဒီဇိုင်းဆွဲ ထုတ်လုပ်ဖို့ပါပဲ။ ဒါကြောင့် ကျွန်မတို့ရုံးခန်းက စားပွဲတွေက အောက်မှာ ဘီးလုံးတွေပါပြီး ဘယ်နေရာကိုမဆို အလွယ်တကူရွှေ့ပြောင်းနိုင်ပါတယ်။ ကျွန်မတို့ဆီက ထိုင်ခုံတွေဟာဆိုရင်လဲ ဧည့်သည်ပြန်သွားတဲ့အခါ လွယ်လင့်တကူထပ်ပြီး သိမ်းထားလို့ရတဲ့ခုံမျိုးတွေပါ။

ဆယ့်ခြောက်ကိုးဆယ့်ခြောက်ရဲ့ ရုံးခန်းဟာ ပျော့ပြောင်းနေဖို့လိုအပ်ပါတယ်။ ဆိုလိုရင်းက ဝယ်ယူသူဧည့်သည်တွေအတွက် ပရိဘောဂတွေကို သေချာထိတွေ့ကိုင်တွယ်လို့ရမဲ့ ပြခန်းလဲဖြစ်ရမယ် ဆယ့်ခြောက်ကိုးဆယ့်ခြောက်အဖွဲ့ဝင်တွေအတွက် ရုံးခန်းနေရာ၊ ပရိဘောဂတွေကို ဓါတ်ပုံရိုက်လို့အဆင်ပြေမဲ့နေရာဖြစ်နေဖို့လဲလိုပါတယ်။ ရိုးရှင်းတဲ့ပရိဘောဂတွေကထားရသိမ်းရတာလွယ်ကူပေါ့ပေါးပြီး အခန်းကိုလဲ ကိုယ့်စိတ်ကြိုက် အချိန်မရွေး ပြောင်းလဲပြင်ဆင်လို့ရပါတယ်။ ကျွန်မတို့ရဲ့ ရုံးခန်းကို ခမ်းခမ်းနားနားကောဇောတွေ ထည်ဝါတဲ့ပရိဘောဂတွေနဲ့ လုပ်ချင်တယ်ဆိုရင်လဲ ရပါတယ်။ ဒါပေမဲ့ရိုးရှင်းတဲ့ဒီဇိုင်းနဲ့ ပရိဘောဂတွေဟာ အထင်သေးလို့မရပါဘူး။ ထုထည်ကြီးမားခမ်းနားတဲ့ပရိဘောဂတွေထက်စာရင် ဒီလိုပေါ့ပါးရှင်းလင်းတဲ့ဟာတွေကသာ မိမိလိုချင်တဲ့ mood အပေါ်လိုက်ပြီး ပြောင်းလဲပြင်ဆင်နိုင်တာပါ။

16'96 Concepts_Workspace_Yangon furniture store
IMG_3543.jpg
 
IMG_3589.jpg
Da Dway Coffee Table & Na Ngal Single Seater_16'96 Concepts
Da Yin Gauk & Da Yin Mote Stool & Awzar Coffee Table_16'96 Concepts
 
ရိုးရာယဉ်ကျေးမှုကို ဒီဇိုင်းအပေါ်သက်ရောက်မှုရှိသလို ပြောင်းပြန် (သို့မဟုတ်) အပြန်အလှန်သက်ရောက်မှုရှိတာလဲဖြစ်နိုင်ပါတယ်။ ကုမ္ပဏီရဲ့ ဦးတည်ချက်နဲ့တန်ဖိုးထားမှုပေါ်အခြေခံထားတဲ့ ရုံးခန်းမျိုးကို ပြုလုပ်သင့်ပါတယ်။ ကိုယ့်ကုမ္ပဏီရဲ့ brand image ကို ပြတဲ့ရုံးခန်းဟာ အဖွဲ့သားတွေအနေနဲ့ အလုပ်ကောင်းကောင်းလုပ်နိုင်ပြီး ဆန်းသစ်တဲ့အကြံဉာဏ်တွေထုတ်လုပ်နိုင်တဲ့နေရာမျိုး၊ စည်းစည်းလုံးလုံးအလုပ်လုပ်တာကို အားပေးတဲ့နေရာမျိုးဖြစ်အောင် ပြင်ဆင်ပြုလုပ်ထားခြင်းဟာ သင့်ရဲ့ စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှုကိုလဲ များစွာအကျိုးသက်ရောက်မှုရှိလိမ့်မယ်လို့ယုံကြည်ပါတယ်။
— Kimiko
 
16'96 Concepts_Workspace_Da Ote Chaik Table